ပျော်ဘွယ် ဇွန် ၁၉
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းသီနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာတို့အား ပံ့ပိုးပေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ပိတောက်ပင်ကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။
သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရတနာထွန်းက မိုးစပါးစိုက်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုဆွေးနွေးပြီး အောင်နိုင်တိုးမိုးစပါးမျိုးစေ့၊ ရရှားရွက်ဖျန်းဆေး၊ စပါးမျိုးစေ့ချကိရိယာတို့ကို ပံ့ပိုးပေးအပ်ရာ ပိတောက်ပင်နှင့် သစ်ဆိမ့်ပင်ကျေးရွာတို့မှ သမဝါယမ အသင်းသားများက လက်ခံရယူကြသည်။
မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူများအနေဖြင့် ပိတောက်ပင်ကျေးရွာ တွင် ဧက(၁၀၀)၊ သစ်ဆိမ့်ပင်ကျေးရွာတွင် (၆၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မျိုးစေ့ချကိရိယာကိုလည်း တစ်ရွာလျှင် တစ်ခုနှုန်းဖြင့် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)