ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအစ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းစားသုံးမှုအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် လူမှုဒုက္ခဆိုးကျိုးများအကြောင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ နားလည်လွယ်အောင် ပညာပေးဥပမာများဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)