မိုင်းပျဉ်း ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းအကြောင်းရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက ကျောင်းလုံဘုန်းကြီးကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပြည့်သူ့စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီအတွင်းရေးမှူး ရဲမှူးစိုးလွင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းတို့ကို ရှမ်းဘာသာဖြင့်လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးရှင်းလင်းပွဲနှင့် ပြည်သူ့စစ်မှုထမ်းအကြောင်း ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့ပေါ်ရှိရပ်ကွက်(၃)ခုမှ မိဘပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)