မိတ္ထီလာ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောဈေးကွက်ဈေးနှုန်းများသိရှိနိုင်ရန်အတွက် စက်မှုဇုန်ရှိ အထည်လိပ်စက်ရုံများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်သောအဖွဲ့သည် ဒေသတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မိတ္ထီလာမြို့စက်မှုဇုန်ရှိ ယက္ကန်းစက်၊ အထည်လိပ်၊ အထည်ချုပ်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ယက္ကန်စက်များ အနေဖြင့် အထည်လိပ် (ပိတ်အုပ်)၊ ပုဆိုး၊ စောင်၊ ပတ်တီးလိပ် (ဆေးဝါး ပစ္စည်း)တို့ကို ထုတ်လုပ်ရာတွင် လိုအပ်သောကုန်ကြမ်း ၁၀ ရည် ချည်၊ ၂၀ ရည်ချည်၊ ၁/၄၀ ချည် တို့ကို ဝမ်းတွင်းမြို့နယ်မှ အများဆုံးမှာယူပြီး၊ မြစ်သား၊ ပုလိပ်တို့မှလည်း မှာယူကြောင်း၊ ချည်ချော ၂-၂၀၀ ၊ ၂-၈၀ ချည်များကို ပွဲထိုင်ပုဆိုများအတွက် အမရပူရမှ မှာယူကြောင်း သိရသည်။ ယက္ကန်းနှင့်တွဲ၍ အထည်ချုပ်လုပ်ငန်း တွဲဖက်လုပ်ကိုင်သည့် စက်ရုံအချို့မှာချုပ်ပြီး အထည်များအနေနှင့် အမျိုးသမီးဝတ်၊ ကလေးဝတ် အင်္ကျီ၊ ဘောင်ဘီ၊ ဂါဝန်တို့ကို ရန်ကုန်၊ မန္တလေးနှင့်အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)