မိုင်းယောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းယောင်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အမှာစကားပြောကြားပြီး ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုက ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် လမ်းဖြတ်ကူးသွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်မှုအခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသုံးပြုသူများ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ဟောပြောသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ လမ်းညွှန်အမှတ်အသားများ၊ စက်ဘီးစီးသူများ လိုက်နာရမည့်အချက်များ၊ လမ်းလျှောက်သူများ လိုက်နာရမည့်အချက်များ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးစနစ်တကျ တပ်ဆင်ရန်အချက်များကို အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)