တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

တောင်ကြီး ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဆေးတက္ကသိုလ်(တောင်ကြီး) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့်ရေဘေး၊ လေပြင်းမုန်တိုင်းဘေး၊ ငလျင်ဘေး၊ မီးဘေး၊ မိုးကြိုး အန္တရာယ်များဖြစ်ပွားပါက ရှောင်ရန်၊ ဆောင်ရန် နည်းလမ်းများအကြောင်းအား အသိပညာပေး ဟောပြောခဲ့ပြီး ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုအားကာကွယ်ပြီး သယံဇာတအရင်းအမြစ်များအား ထိထိရောက်ရောက်အသုံးချနိုင်ရန်၊ အန္တရာယ်ကင်းသော စွန့်ပစ်မှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သောအရာများအား ခွဲထုတ်နိုင်ခြင်း၊ သဘာဝအရင်း အမြစ်များအား ထိထိရောက်ရောက်အသုံးချနိုင်ခြင်း၊ စွန့်ပစ်ပမာဏလျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအားလျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအန္တရာယ်အားလျှော့ချပေးခြင်း၊ အမှိုက်စိုများမှ သဘာဝမြေဆွေးပြုလုပ်နိုင်ခြင်း၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအား အခြားအသုံးဝင်သောပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှုအား လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်  စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းသို့ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)