ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ထီပြွန်နှင့် နောင်ယာဆိုင်း အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးစသည်တို့ကိုဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲသို့ အ.မ.က ထီပြွန်နှင့် နောင်ယာဆိုင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း