မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Women Club)ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မိုင်းယန်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Women Club)ဖြင့် စာရေးဆရာ မိုးပန်းပွင့် ရေးသားထားသော “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့အတွက် အတွေးစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီး စာရေးဆရာ မိုးပန်းပွင့်ရေးသားထားသော “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့အတွက် အတွေးစာစုများ စာအုပ်မှ "တန်ဖိုးရှိသောလူ" ခေါင်းစဉ်ဖြင့် အနာဂတ်လူငယ်များသည် စိတ်ဓာတ်ခွန်အားပြည့်ဝသည့် "တန်ဖိုးရှိသောလူ" ဖြစ်အောင် ကြိုးစားသင့်သည့် အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Women Club အသင်းဝင် ဒေါ်စိုးပြည့်ပြည့်ထွေးက "လူငယ်နှင့်အချိန်၏ တန်ဖိုး" ခေါင်းစဉ်ဖြင့် လူငယ်ဘဝတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသင့်ပုံများ၊ အချိန်ဖြုန်းခြင်းကြောင့် တန်ဖိုးရှိသောအခွင့်အရေးများနှင့် အောင်မြင်မှုများကို ဆုံးရှုံးရတတ်သည့် သာဓကများ စသည့်အကြောင်းအရာများဖြင့်လည်းကောင်း၊ လူငယ်များ အချိန်ကိုတန်ဖိုးထားသင့်ပုံများဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး