ပင်းတယမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

ပင်းတယ ဇွန် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တမဲကျေးရွာအုပ်စု၊ အင်းပက်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသည် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှသင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ဂရုတစိုက်ကြိုးစား သင်ယူပြီး သင်တန်းပြီးဆုံးသည့်အချိန်တွင် သင်တန်းမှရရှိသည့် နည်းပညာများ ပညာရပ်များဖြင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင်ပြီး မိမိတို့ရဲ့မိသားစုစီးပွားရေး၊ မိမိတို့ဒေသဖွံ့ဖြိုးရေးတို့ကို အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းအား ကျွမ်းကျင်သော နည်းပြများဖြင့် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၄)ဦး တက်ရောက်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)