ပုဇွန်တောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများ ထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ပုဂ္ဂလိကပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကိစ္စရပ်များနှင့်ကျန်းမာ ရေး အဆင့်မြှင့်ကျောင်းများထူထောင်ရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအလိုက် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှလည်း အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းတာဝန်ရှိသူများထံ ကျန်းမာရေးအသိပညာပေး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နှင်းနှင်းအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်(ပြည်သူ့ကျန်းမာရေးဌာန)မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ဦး၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်ခင်စန်းနှင့် ထက်၊ လယ်၊ မူစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ပုဂ္ဂလိကပညာရေးကျောင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်