တံတားမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

တံတား ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီအချိန်က တံတားမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ နယ်လှည့် စာကြည့်တိုက် နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား ရာသီတုပ်‌ကွေးရောဂါသည် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါတစ်မျိုး ဖြစ်ကြောင်း၊ တုပ်ကွေး ရောဂါစတင်ဖြစ်ပွားလာလျှင် ဖျားခြင်း၊ နှာ‌ချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်များ ပျက်ခြင်းတို့ ဖြစ်ပေါ်တတ်ပြီး ရာသီတုပ်ကွေးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့နှာ‌ခေါင်းကို လုံအောင်အုပ်ထားသင့်ကြောင်း၊ အိမ်အပြင်ထွက်ပါက ပါးစပ် နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျဆေးခြင်း၊ အခြားသူများနှင့် ၆ ပေ အကွာ ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူ‌ဝေး‌ရှောင်ကြဉ်ခြင်း၊ အလုံပိတ်ခန်းများ၊ လေဝင်လေထွက် မကောင်းသည့်အခန်းများတွင် နေထိုင်ခြင်းမှရှောင်ကြဉ်ခြင်း၊ လုံလောက်စွာအနားယူပြီး အာဟာရ ပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းဖြင့်လည်း ရာသီတုပ်‌ကွေး ရောဂါမှကာကွယ်နိုင်ကြောင်း၊ ရာသီတုပ်ကွေးရောဂါကိုပြင်းထန်စွာ ခံစားနိုင်ရသည့် ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်‌ရောဂါရှိသူများနှင့် ရောဂါကူး စက်ခံရနိုင်ခြေများပြားသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါကာကွယ် ဆေးထိုးနှံမှုကို နှစ်စဉ်ခံယူသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ် ကန့်သတ်ချက်များ၊ အဓမ္မအလုပ် ခိုင်းစေမှုဆိုင်ရာ အဓိပ္ပာယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ဥပဒေအရ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ် ပေးရန်အချက်များ ပါဝင်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)