ဗိုလ်တထောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မသိန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ခြင်းအကျိုး ကျေးဇူးအကြောင်းဟောပြောခြင်း၊ စာရေးဆရာမ မေ(ရန်ကုန်)က မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် စာရေးဆရာ မမေမြတ်စန္ဒာက မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက မီးဖိုချောင်သုံး အိမ်သုံးအစားအသောက်များ တိုင်းရင်းဆေး အသုံးဝင်ပုံအကြောင်းအား အသီးသီးဟောပြောကြသည်။
ထို့နောက်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးထံသို့ တိုင်းရင်းဆေးများလှူဒါန်းခြင်း၊ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောစာအုပ်စာစောင်များနှင့် နံရံကပ်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးနှင့် ဝန်ထမ်းတစ်ဦး၊ စာရေးဆရာမ မေ(ရန်ကုန်)နှင့် မေမြတ်စန္ဒာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မသိန်းစိုးနှင့် ဆရာမများ ကျောင်းသား/ကျောင်းသူ (၁၃၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း( ပြန်/ဆက်)