ကျောက်တလုံးကြီးမြို့၌ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ကျောက်တလုံးကြီး ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ်မြတ်စေတီတော်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့၊ မဟာဝံသဗုဒ္ဓဂါယာ ဆရာတော်အရှင်နန္ဒမာလာ ထံမှငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကာ ဒကာ၊ ဒကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး နောင်ငွီးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊ ဒေသခံပြည်သူများက ဗုဒ္ဓသာသနာ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပါဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် အသံမစဲမဟာပါဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ(၁၁)ရက်နေ့မှ ဇူလိုင်လ (၁၇)ရက်နေ့ထိ (၇)ရက် တိုင်တိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း