မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းဆတ် ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖယား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာ စကားပြောကြားရာတွင် မိုင်းဆတ်ခရိုင်အတွင်းရှိ ပိုက်ကျော်ခြင်း အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကာ အားကစားအရည်အသွေး ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသွားကြရန်နှင့် မိမိအသင်း အောင်မြင်မှုရရှိရန် “တရားသဖြင့် ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်းမယ်” ဆိုသည့်စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ “အရှုံးအနိုင်သည် သာမည၊ ယှဉ်ပြိုင်ခြင်းသည်သာ အဓိက” ဆိုသည့် အားကစားစိတ်ဓာတ်ကို အမြဲထားရှိကြရန် ပြောကြားပြီး အခမ်းအနားအား ဖွင့်လှစ်ပေးသည်။  

ထို့နောက် အခမ်းအနားတက်ရောက်လာသော အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း) ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်အား ရွတ်ဆိုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အားပေးစကားပြောကြားသည်။ ယင်းနောက် ထွန်း(အပ်ချုပ်ဆိုင်)အသင်းနှင့် ရှမ်း(ခ)အသင်းတို့်က အဖွင့်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အမျိုးသားပိုက်ကျော်ခြင်း(အလွတ်တန်း)၊ လေးယောက်တွဲပြိုင်ပွဲကို မိုင်းဆတ်ခရိုင်အတွင်းရှိ အမျိုးသားပိုက်ကျော်ခြင်း အားကစားဝါသနာရှင် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)