မိုင်းယောင်း ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်းက သင်တန်းသူများအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်းမှရရှိသော အတတ်ပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)