မောက်မယ် ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီက ပုန်းလောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်ဖြစ်တတ်သောအန္တရာယ်လက္ခဏာများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးစသည့် အကြောင်းများဆွေးနွေးဟောပြောခဲ့ပြီး နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)