စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဇွန်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ သုတ/ရသစာအုပ်များနယ်လှည့်ငှားရမ်းပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိစသည့် စာပေဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေးနှင့် အရွယ်မရောက်သေးသော ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်