မိုင်းရယ် ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၅)နှစ် အောက်ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ဆောင်ရွက်ရာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန ရှမ်း(မြောက်)ပြည်နယ်မှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်(၇)မြို့နယ်မှ (၅)နှစ်အောက်ကလေးများအနက် ပိုလီယိုရောဂါကာကွယ်ဆေးအကြိမ်ပြည့်မရသေးသော ကလေးငယ်များနှင့် အကြိမ်ပြည့်ရပြီးသူများကို ထပ်ဆောင်းတိုက်ကျွေးကြောင်း သိရသည်။
ထိုသို့ ကလေးငယ်များ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကလေးငယ်နှစ်ရာကျော်ကို ကာကွယ်ဆေးတိုက်နှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)