မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်

အောင်မြေသာစံ ဇွန် ၁၈

မန္တလေးမြို့၊အောင်မြေသာစံခရိုင်၊အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လှူဒါန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှအရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် ပျက်စီးဆုံးရှုံးခဲ့သည့်အဆောက်အဦများ၊ နေအိမ်များအား ပြည်တွင်း၊ ပြည်ပအလှူရှင်များ၊ ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်းကာ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေပါကြောင်း၊ ယခုလိုဆောက်လုပ်လှူဒါန်း ထောက်ပံ့ပေးမှုအပေါ် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ယာယီအိမ်ရာအဆောက်အဦများ ဆောက်လုပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်းထံသို့ ယာယီအိမ်ရာ အဆောက်အဦနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက လွှဲပြောင်းအပ်နှံပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦများကို လိုက်လံကြည့်ရှုခဲ့သည်။

ယနေ့ဆောက်လုပ်လှူဒါန်းထောက်ပံ့ပေးအပ်မှုတွင် ၁၅ ပေနှင့် ၁၀ ပေရှိ အခန်း(၅)ခန်းပါ အဆောင်တစ်ဆောင်လျှင် ကျပ် (၁၂၀)သိန်းနှုန်းဖြင့် အဆောင် (၃၀)လုံး၊ ယာယီအိမ်သာ တစ်လုံးလျှင်  ကျပ် (၂၄)သိန်း နှုန်းဖြင့် (၂၀)လုံး၊ တစ်ရက်လျှင် (၅၀)လီတာကျ ကျပ် (၂၀၀)သိန်း တန်ဖိုးရှိ ရေသန့်စက်(၁)လုံး စုစုပေါင်း ကျပ်(၄၂၈၀)သိန်း တန်ဖိုးရှိသည့်အပြင် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)