ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်နှင့် ဝရံတာပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ ရွှေညောင်-ညောင်ရွှေကားလမ်းနှင့်ခေါင်တိုင်-အင်းတိမ်-မှော်ဘီလမ်း ရေကျော် နေမှုများအား ကြည့်ရှုစစ်ဆေး

တောင်ကြီး  ဇွန်  ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ၊ ရွှေညောင်-ညောင်ရွှေကားလမ်းနှင့် ခေါင်တိုင်-အင်းတိမ်-မှော်ဘီလမ်း ရေကျော်နေမှုများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပင်မကျောင်းဆောင်ရှိ ဝရံတာပြုပြင်ဆောင်ရွက်နေမှုများ၊ ကျောင်းတော်အောက်ခြေကွန်ကရစ်တိုင် ၄၁ တိုင် မွမ်းမံပြင်ဆင် ပြီးစီးမှုများ၊ ဘုရားစောင်းတန်းအမိုးပြုပြင်နေမှုများနှင့် ဘုရားရင်ပြင်တော်ပြုပြင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုတွင် ရွှေညောင်- ညောင်ရွှေကားလမ်း ရေကျော်မပျက်စီးစေရန်အတွက် ကားလမ်းဘေးတစ်လျောက်ရှိ ရေမြောင်းတာဘောင်မြှင့်တင်ခြင်း၊ ခေါင်တိုင်- အင်းတိန်- နာဋောင်းကျ- ကျေးပေါခုံ- တောင်တို- နောင်ကျော်- မှော်ဘီလမ်းပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့ နေ့လည်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  လမ်းရေကျော်မှုဖြစ်ပွားရာနေရာသို့ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော်ဝင်းက မိုင်တိုင်(၃/၃)နှင့် (၃/၄)ကြားလမ်းရေကျော်မှုအား ရှင်းလင်းတင်ပြပြီး အဆိုပါနေရာအား ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် လမ်းအရှည် (၀/၁)မိုင်အား ၃ ပေအမြင့် လမ်းတာဘောင်မြှင့်တင်၍ ၁၂ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း၊ ၁၅ ပေ သံကူကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။ အလားတူ မိုင်တိုင်(၄/၁)နှင့် (၄/၃)ကြား ဘုရားနီတံတားအနီး လမ်းရေကျော်ခဲ့သည့်နေရာသို့ရောက်ရှိပြီး အဆိုပါနေရာအား ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်ဆင်ထိန်းသိမ်းခြင်း)ရန်ပုံငွေဖြင့် လမ်းအရှည် ၃၀၀ ပေနှင့် အကျယ် ၃ ပေ လမ်းတာချဲ့ခြင်းနှင့် တံတားရေဝင် ရေထွက်များတွင် Toe Wall ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တည်ဆောက်ခြင်းလုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)