တောင်ကြီး ဇွန် ၁၈
အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည်အပြင် အမှိုက်များကိုအကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကို ဇွန် (၁၆) ရက် ညနေ (၄) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ၂၀၂၅ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နိုင်ငံအဝှမ်းဂုဏ်ပြုအခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့၍ နိုင်ငံတော်အကြီးအကဲက နေပြည်တော်မှာကျင်းပသည့် အခမ်းအနားကိုတက်ရောက်ပြီး စွန့်ပစ်ပစ္စည်းအမှိုက်များစီမံခန့်ခွဲမှုတွင် အမှိုက်များခွဲခြားစွန့်ပစ်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နေ့စဥ်လူနေမှုဘဝတွင် စွန့်ပစ်ပစ္စည်းများနှင့် မလွှဲမသွေတွေ့ကြုံနေရပြီး ပတ်ဝန်းကျင်တွင်ကောင်းမွန်သည့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများနှင့်အတူ စနစ်တကျစွန့်ပစ်ခြင်းကြောင့် သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်အခြေအနေများရှိသလို စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအားနည်းသည့်အတွက် စည်းကမ်းမဲ့စွာစွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအခြေအနေများလည်းရှိနေပါကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဥ်များ ထည့်သွင်းပေါင်းစပ်ရမည့်အချက်များကို ထပ်ဆင့်မှာကြားလိုသည်မှာ စွန့်ပစ်ကစ္စည်းထွက်ရှိမှုပမာဏကို အနည်းဆုံးဖြစ်အောင်လျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို အကြိမ်ကြိမ်ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို မြေသြဇာ၊ စွမ်းအင်၊ ဇီဝလောင်စာနှင့် ကုန်ကြမ်းပစ္စည်းများအဖြစ်ပြန်လည်ထုတ်လုပ်နိုင်ရန် နည်းပညာမြှင့်တင်ခြင်း၊ စွန့်ပစ်ပစ္စည်းများကိုခွဲခြားစွန့်ပစ်သည့်နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊ စွန့်ပစ်ပစ္စည်းတွေရဲ့ထွက်ရှိမှုပမာဏ၊ စွန့်ပစ်မှုပမာဏ၊ စွန်ပစ်ပစ္စည်းအမျိုးအစားများကို စစ်တမ်းကောက်ယူ၍ ကိန်းဂဏန်းအချက်အလက်များ ထိန်းသိမ်းသည့်စနစ်များကိုတည်ထောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မြို့ပြနှင့်ကျေးလက်ဒေသတွင် သန့်ရှင်းသာယာလှပစေရေး၊ မြစ်ချောင်းများနှင့် အဏ္ဏဝါဂေဟစနစ်များကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေးတို့အတွက် စွန့်ပစ်ပစ္စည်းညစ်ညမ်းမှုများကိုလျှော့ချရန်၊ အဆုံးသတ်ရန် ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းမှသည် စုပေါင်းအင်အား၊ အသင်းအဖွဲ့အင်အားများနှင့် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထိုနောက် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးဟောပြောခြင်း၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးက စွန့်ပစ်ပစ္စည်းခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာကေးသရုပ်ပြသခြင်းများဆောင်ရွက်ပြီး မြို့တော်ခန်းမ၏အပြင်ဘက်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စွန့်ပစ်ပစ္စည်းစနစ်တကျခွဲခြားစွန့်ပစ်ရန်အတွက် သရုပ်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စွန့်ပစ်ပစ္စည်းစနစ်တကျ ခွဲခြားစွန့်ပစ်ရန်နိုင်ရန်အတွက် ကွင်းဆင်း၍ရပ်ကွက်နေပြည်သူများအား အသိပညာပေးခြင်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမတွင် စွန့်ပစ်ပစ္စည်းများခွဲခြားပစ်ရန်အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းသန့်မှ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်းရှင်းလင်းတင်ပြပြီး တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရေး သရုပ်ပြရှင်းလင်းတင်ပြကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)