ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၌ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဆီဆိုင် ဇွန် ၁၇

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ သာမန်လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း” (၇)မျိုးအနက် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းစီမံကိန်း၊ အမျိုးသမီးများအတွက် ဝင်‌ငွေတိုးတက်ရေးစီမံကိန်းနဲ့ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးရေးစီမံကိန်းစတဲ့ စီမံကိန်းအမျိုးအစား(၃)မျိုးကို ကျေးရွာ(၁)ရွာလျှင် စီမံကိန်း(၁)ခုနှင့် ကျပ်(၁၂)သန်းဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာဆိုရင် စီမံကိန်း(၆)ခု ငွေကျပ်(၇၂) သန်းဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်နဲ့ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများတောင်းဆိုတဲ့ နည်းပညာသင်တန်းတွေကို အခြေခံသင်တန်း(၁)ကြိမ်၊ မွမ်းမံသင်တန်း(၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့ သင်တန်းမှ ထူးချွန်သင်တန်းသား(၅)ဦးကို သတ်မှတ်ချက်များနှင့် အညီ‌ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖိုလိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမှာဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များပေါ်ထွက်လာပြီး ထိုလုပ်ငန်းများများမှ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင်ကြိုးစားကြပါ၊ သို့မှသာ တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် တာဝန်ရှိသူများသည် သင်တန်းသုံးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်းသူများနှင့် စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို အခြေခံသင်တန်း ဇွန်လ(၁၇)ရက်နေ့မှ ဇူလိုင်လ(၁၆)ရက်နေ့အထိ၊ မွမ်းမံသင်တန်း ဩဂုတ်လ()ရက်နေ့မှ ဩဂုတ်လ (၂၀)ရက်နေ့အထိ  စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ သင်တန်းသူ(၁၂) ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)