မော်လမြိုင် ဇွန် ၁၇
သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) ၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ်၊ သင်တန်းဖွင့်ပွဲနှင့်၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား Certificate in Business Accounting အောင်လက်မှတ်ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်/ ဒုတိယနှစ် ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ဒီကျောင်းမှာ တက်ရောက်ခွင့်ရသည့်အပြင် နေထိုင်ရေး၊ စားသောက်ရေးနှင့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်အတွက် နိုင်ငံတော်၏ စေတနာကို နားလည်ပြီး ပညာဆည်းပူးရာမှာ အလေးထားသင်ယူမှတ်သားကြစေလိုကြောင်း၊ သမဝါယမပညာရပ်မှာ စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ဟာ အဓိကဖြစ်တာကြောင့် မည်သည့်ဌာန၊ မည်သည့်စီးပွားရေးအဖွဲ့အစည်း၊ မည်သည့် အသင်းအဖွဲ့များမှာမဆို စာရင်းအင်းပညာနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ မရှိမဖြစ်လိုအပ်ပါကြောင်း၊ သင်တန်းပြီးဆုံးအောင်မြင်သည့် ကျောင်းသား/ ကျောင်းသူများကိုလည်း Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး သင်တန်းတွင် ထူးချွန်၍ သမဝါယမကောလိပ်သို့ ပေါင်းကူးတက်ရောက်မည့် သင်တန်းဆင်းကျောင်းသား/ ကျောင်းသူများအတွက်လည်း များစွာဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် စာရင်းရေးစာရင်းကိုင်ပညာရှင်များ ပေါ်ထွက်လာစေဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား Certificate in Business Accounting အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ ပေးအပ်သော ထောက်ပံ့ပစ္စည်းများအား သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများ၏ ကွန်ပျူတာသင်တန်း တက်ရောက်သင်ယူသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်ဆက်ဘက်ဂျက်ဖြင့် ဆောက်လုပ်သည့် ၉၀ပေ×၃၀ပေ R.C.C (၃) ထပ် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း စာသင်ဆောင်ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချိန်ကာလအတွင်း အချိန်မှီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေးတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)