ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ဟောပြောသရုပ်ပြပွဲ ကျင်းပ

ဇေယျာသီရိ ဇွန် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ငလျင်ဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအာင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်းမှ ပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က သဘာဝဘေးအန္တရာယ်တွေ့ကြုံလာပါက အမြန်ဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အချိန်မီပြောင်းရွေ့နေရာချထားနိုင်ရေးနှင့် သတင်းမှားများ မယုံကြည်ကြရန်၊ မှန်ကန်သည့် သဘာဝဘေးအန္တရာယ် သတင်းအချက်လက်များရရှိနိုင်ရေးအတွက် ယခုလို ဟောပြောသရုပ်ပြပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း နိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေးလှုပ်ခတ်နိုင်ပြီး  အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေး အတွက် နေထိုင်ပြုမှုရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီး နောက်ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ငလျင်ဘေးတွေ့ကြုံလာပါက လိုက်နာဆောင်ရွက်ရမည့်အရာများအား လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)