ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီက မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့ မင်းရဲဆည်တွင် ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးမှ ဦးဆောင်ကာ ရေးဘေးအန္တရာယ်ကျရောက်သည့်အခါ အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး Hand Speaker အသုံးပြု၍ သတိပေးနှိုးဆော်ခြင်း၊ ရေဘေးသင့်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ပိတ်မိနေသူများအား ဘေးလွတ်ရာနေရာသို့ ကယ်ဆယ်ခြင်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ခင်းကျင်းပြသထားမှုများအားကြည့်ရှု အားပေးခဲ့ပြီး ကယ်ဆယ်ရေးသရုပ်ပြတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် ရေဘေးအန္တရာယ်သဏ္ဍာန်တူသရုပ်ပြ ပြည်သူများအား အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်