သာစည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ဇွန်လ ၁၆ ရက်နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြန်မာနိုင်ငံအတွင်း၌ လတ်တလော Covid-19 ရောဂါကူးစက်မှုများ တွေ့ရှိလာသောကြောင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝတ်မှုံအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက အသက် ၁၂ နှစ်အထက် ပြည်သူ (၅၄၆) ဦးတို့အား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)