ပျော်ဘွယ် ဇွန် ၁၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း (မိုးနံကုန်း)တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာ ဖတ်ရှုရန်လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန် ရှင်းလင်းဟောပြော ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)