Mobile Market စျေးရောင်းယာဉ်များဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသား၊ ငါး၊ စားသောက်ကုန်များအားရပ်ကွက်များအတွင်းလှည့်လည်ရောင်းချ

ဒဂုံ(အရှေ့) ဒီဇင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီး ဟင်းရွက် စားသောက်ကုန်များအား သင့်တင့်သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူ ရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်များ အတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ရှိ အမှတ် ၁၁၀ ရပ်ကွက် ချယ်ရီလမ်းအတွင်း လှည့်လည်ရောင်းချရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးခြင်းအား ရပ်ကွက်များ အတွင်း အပတ်စဉ် အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)