ရန်ကုန် ဇွန် ၁၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သန်လျင်ခရိုင်ဘဏ်ခွဲ ၂၀၂၅-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင် ၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာရှင်းသန့်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေရရှိကြသော တောင်သူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတစ်ဝန်းလုံးရှိတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ၊ ဖွံ့ဖြိုးရေးချေးငွေများကို အလွန်နည်းပါးသည့်အတိုးနှုန်းထားဖြင့် အဓိကထုတ်ချေးဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေကို သန်လျင်ခရိုင်ရှိ တောင်သူ(၁၆၄)ဦး၊ ဧက(၁၁၁၄)အတွက် ချေးငွေပမာဏစုစုပေါင်းကျပ်(၁၆၇၀)သိန်းကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့် သိထိုက်သည့် အချက်များအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သိုက်ဝင်းနှင့် သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအား မိုးစပါးစိုက်ပျိုးစရိတ်ချေးများပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေရရှိကြသောတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးများပေးအပ်ခဲ့ကာ တောင်သူများကိုယ်စား သန်လျင်မြို့နယ်၊ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၊ ဒုတိယအထွေထွေမန်နေဂျာဒေါ်ဝါဝါအေးက တောင်သူများ သီးနှံအာမခံထားရှိမှုအကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးနေမှုနှင့် တောင်သူများသီးနှံအာမခံထားရှိမှုနေမှုများအား ကြည့်ရှုအားပေးသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သန်လျင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ် အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင်မြို့နယ်၊ ဘယက်ကျေးရွာအုပ်စု၊ တောင်သူဦးကျော်ဝင်းနိုင်၏ မိုးစပါးဧက(၁၀၀)စံပြစိုက်ခင်းတွင် မျိုးစေ့ချကိရိယာ(seeder) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ရောက်ရှိပြီး မိုးစပါးဧက(၁၀၀)စံပြစိုက်ခင်း၏ မျိုးစေ့ချကိရိယာ (seeder)ဖြင့် ထွန်ယက်စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က seeder ဖြင့်စိုက်ပျိုးနေကြသော တောင်သူများ၏အတွေ့အကြုံများအား ရှင်းလင်းပြောကြားစေကာ လိုအပ် သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)