တောင်ကြီး ဇွန် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရပ်စောက်-ရွှေညောင်-တောင်ကြီး ဟက်ကယ်(ဟဲကယ်)လမ်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့၌ မိုးရေချိန် ၁.၁၈ လက်မ မိုးရွာသွင်းမှုကြောင့် ရေပြင်အကျယ် ပေ ၂၀၀ နှင့် ရေအနက် ၁ ပေ ၆ လက်မခန့် ရေကျော်မှုဖြစ်ပွားသည့် နေရာကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ ဟက်ကယ်(ဟဲကယ်)လမ်းအသုံးပြုခကောက်ခံရေးဂိတ်အဟောင်း၌ ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရပ်စောက် - ရွှေညောင် - တောင်ကြီးမြို့ ဟက်ကယ် (ဟဲကယ်) လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အဟောင် မိုင်တိုင်အမှတ်(၂/၃)နှင့် မိုင်တိုင်အမှတ်(၂/၄)ကြားမှ စီးဆင်းလာသောရေများအား ဆက်လက်စီးဆင်းသွားစေရန် မီးရထားသံလမ်းတာဘောင်အောက်တွင် (၅ပေx၅ပေx၂၀ပေ )Box Culvert တည်ဆောက်ရန် လိုအပ်သည့်နေရာသို့ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မီးရထားသံလမ်းတာဘောင်အောက်တွင် (၅ပေx ၅ပေx၂၀ပေ )Box Culvert တည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)