ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၆   

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက  ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (ခရိုင်အုပ်ချုပ်ရေးမှူး) ဥက္ကဋ္ဌ ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ‌ ဦးကျော်ဆန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများက လုပ်ငန်းတာဝန်များအလိုက် ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးရဲထူးက ကြိုတင်စီမံဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)