ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် ဆောင်ရွက်မှုကြည့်ရှု၊ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်

စစ်တွေ ဇွန် ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုအား ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနရုံးသို့သွားရောက်၍ အစည်းအဝေးခန်းမ၌ ဦးစီးဌာနရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှရွှေက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍသည် ယခင်က ရေလမ်းနှင့် လေကြောင်းလမ်းကိုသာ အဓိကထား သွားလာခဲ့ကြကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ်အလွန်ကာလများတွင် ရန်ကုန် - စစ်တွေကားလမ်း၊ ရန်ကုန် - ကျောက်ဖြူနှင့် သံတွဲ - ဂွ - င/သိုင်းချောင်းလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်လာခြင်းတို့ကြောင့် ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် ကောင်းမွန်လာခဲ့ကြောင်း၊ သို့သော်လည်း ဒေသ၏လုံခြုံရေးအခြေအနေများကြောင့် ယခုအခါ အချို့လမ်းပိုင်းများမှာ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် နယ်မြေအေးချမ်းသောဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး  ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ရုံးစာရွက်စာတမ်းများ လုံခြုံရေးတို့ကိုအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရုံးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်သည့်အပြင်နိုင်ငံဝန်ထမ်းအငြိမ်းစားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်းနှင့်စားသောက်ဖွေရာပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာရုံးများ၌ ရုံးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး မြို့ပေါ်ရှိအဓိကလမ်းမကြီးများနှင့် လမ်းများတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများရရှိအောင် ဆောင်ရွက်ထားရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနေမှုနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအတွင်းအမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် ဆောင်ရွက်ထားရှိမှုကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ရုံးအတွင်း အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကြရာ ပြည်နယ်တာဝန်ခံကရုံးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများအသုံးပြုနေမှု၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရုံးအတွင်း အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် ဆောင်ရွက်မှုအားကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျည်းမြိုင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွေရာများ ပေးအပ်ခဲ့ကြပြီး ကျောင်းအတွင်းထားရှိသည့် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် ဖော်ဆောင်ရွက်မှုအား ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် ဆောင်ရွက်မှုထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။

အလားတူ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်များတွင်လည်း သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများတွင် အမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ် အကောင်အထည် ဖော်ဆောင်ရွက်မှုထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)