လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို Peace Well Myanmar Co.,ltd အထည်ချုပ်စက်ရုံ၊ Myanmar Myanbag Co.,Ltd အိတ်ချုပ်စက်ရုံ နှင့် Great Forever Garment Co.,Ltd အထည်ချုပ်စက်ရုံတို့တွင် လုပ်ငန်းပိုင်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမားများအား ယမန်နေ့နံနက်ပိုင်း၌ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စက်မှုဇုန်အတွင်းရှိ ကလေးအလုပ်သမားအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းအကြောင်းအရာများ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့်အကြောင်းအရာတို့ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်ဇော်လတ်က ပြောကြားသည်။
ဆက်လက်၍ စက်ရုံရှိကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို ဦးစီးအရာရှိဦးသန့်ဇင်က ဆွေးနွေး ပြောကြားပြီး တည်ဆဲအလုပ်သမားဥပဒေများ၊ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပါပြဠာန်းချက်များအကြောင်းအရာများကို ဦးစီးအရာရှိဦးကြည်လင်က ရှင်းလင်းပြောကြားသည်။
အဆိုပါ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲသို့ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်များနှင့်အလုပ်ဌာနများမှ ဖိတ်ကြားထားသူများ၊စက်ရုံအလုပ်ရုံများရှိ အလုပ်သမားများတက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ