လှည်းကူး ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ သပိတ်ကုန်းကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဦးစွာလှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှဦးတင်အောင်သန်းက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် သင်တန်းကိုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ခရိုင်ဦးစီးမှူးဦးတင်အောင်သန်းက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဇွန်လ(၉)ရက်နေ့ မှ(၁၃)ရက်နေ့အထိ စာတွေ့/လက်တွေ့ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ စာဘူးတောင်းကျေးရွာအုပ်စုရှိ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေပြည်သူ(၂၁)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)