တိုက်ကြီး ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များ၊ စာအုပ်တင်သံစင်နှင့် ပလတ်စတစ်ထိုင်ခုံများ ထပ်ဆင့်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကျေးရွာစာကြည့်တိုက်များအား ပညာဘဏ်တိုက်စာကြည့်တိုက်သဖွယ် ဖြစ်လာစေရန်နှင့် စာကြည့်တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီက တိုက်ကြီးမြို့နယ်အတွင်းရှိ ဥက္ကံမြို့ ကောင်းသန့်စာကြည့်တိုက်နှင့် သရက်ချောင်းကျေးရွာ ပညာရွာစာကြည့်တိုက်တို့အတွက် စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ် ၄၁ အုပ်၊ စာအုပ်တင်သံစင်တစ်စင်နှင့် ပလတ်စတစ်ထိုင်ခုံ ၈ လုံးစီဖြင့် လှူဒါန်းမှုကို ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)