ရေး ဇွန် ၁၆
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data ) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရေးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီးဖြူသောင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုကို ရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အီလက်ထရောနစ်နည်းပညာဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရည်သန့်က ပြည်သူလူထုလူမှုဘဝမြှင့်တင်ရေးတို့အတွက် e-ID စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကျေးရွာပြည်သူ ၁၀၀ ကျော်တို့၏ လက်ဝယ်အရောက် နေ့ချင်းပြီး ပေးအပ်နိုင်ခဲ့ကာ ကျန်ရှိသည့် ကျေးရွာပြည်သူများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ