ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်

ကျိုင်းတုံ ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ မဲပေးခြင်းအခမ်းအနားကို ယနေ့တွင် ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာ‌ရေးများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) အသုံးပြု၍ မဲပေးရခြင်းအကြောင်း Power point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီး မဲပေးစက်ဖြင့် မဲပေးနည်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာ‌ရေးများက လက်တွေ့မဲပေး သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်ပြီး ဇွန် ၁၆  ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)