ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်

ဒေါပုံ ဇွန် ၁၆

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က ရွေးကောက်ပွဲတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြိုတင်လေ့လာပြင်ဆင်ရန် လိုအပ်ကြောင်း၊ မိုးတွင်းကာလကျရောက်နေပြီဖြစ်သဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးတို့အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း ထပ်မံထိုးနှံပေးနေပြီဖြစ်သည့်အတွက် ဌာနအသီးသီးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ သွားရောက်ထိုးနှံကြရန်လိုကြောင်း၊ ငလျင်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာလျှင် အန္တရာယ်ကင်းရှင်းနိုင်သည့် စုရပ်နေရာများကို ရပ်ကွက်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်းနှင့် အမှိုက်များစွန့်ပစ်ရာတွင် သတ်မှတ်ထားသည့် အမှိုက်အမျိုးအစားအလိုက် စနစ်တကျသတ်မှတ်စွန်ပစ်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်းရှိ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

ချစ်စုဝေ (ပြန်/ဆက်)