ကျုံပျော် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၅ ရက်က ကျုံပျော်မြို့နယ်၌ ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲ၊ တွေ့ဆုံပွဲနှင့် ပိုက်ဆံလျှော်မြေမြုပ်ထည့်သွင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျီးအိုင်ကျေးရွာအုပ်စု၊ တောက်တဲ့ရိုးကျေးရွာ၌ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာများပက်ဖြန်း၍ ကျေးရွာနေအိမ်များတွင် လျှပ်စစ်မီတာ တပ်ဆင်ထားမှုအား လိုက်လံကြည့်ရှုခဲ့သည်။
ထို့နောက် အကွေ့တန်းကျေးရွာအုပ်စု အင်းသောင်ကြီးကျေးရွာ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဒေသဖွံ့ဖြိုး ကိစ္စများဆွေးနွေးကာ ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ကျေးရွာမူလတန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသားကျောင်းသူများထံသို့ စာအုပ်၊ စာရေးကိရိယာနှင့် မိုးကာများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျုံပျော်မြို့ မြေရဲတောင်အုပ်စု တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေမြုပ်ထည့်သွင်းခြင်း အခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှုပြီး၊ တောင်သူများထံသို့ ဆင်းသုခ၊ အောင်နိုင်တိုးနှင့် မှော်ဘီ(၃) မျိုးစပါးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)