မိုးနဲ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက ၁၁၀၇၆ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးနဲမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် လယ်စပါးရွှေရင်အေး၊ DU-8 မျိုးစပါများနှင့် DU-12 မျိုးကို အများဆုံးစိုက်လျက်ရှိပြီး ယာစပါးများအဖြစ် ခေါက်ဖီပန်၊ ခေါက်မီးကွတ်၊ ခေါက်လွိုင်ဟွမ်စပါးမျိုးများကို စိုက်ပျိုးကြပြီး ဘောင်စနစ်ဖြင့် ၁၅ဝဝ ဧက၊ ရိုးရိုးပျိုးထောင်စိုက်ပျိုးခြင်း ၈၀၆၆ ဧက၊ Drum Seeder အစေ့ချစိုက်ပျိုးခြင်း ၂၀ ဧက၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ၁၀ ဧက၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း ၁၄၈၀ ဧက စုစုပေါင်းမိုးစပါးစိုက်ဧက ၁၁၀၇၆ ဧကကို စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်၊ မျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက်အချိုးကျ ထည့်သွင်းနိုင်ရေး၊ စပါးဖျက်ပိုးမွှားအန္တရာယ် စနစ်တကျကာကွယ်နှိမ်နင်းရေးတို့အတွက် တောင်သူပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှုး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)