မြစ်သား ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင် ယနေ့နံနက် (၉) နာရီ အချိန်က မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်ဖြေဆိုသည့် စာစစ်ဌာန (၃) ခုရှိပြီး အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းစာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၁၁၆) ဦးနှင့် ကျောင်းသူ (၂၀၁) ဦး၊ စုစုပေါင်း (၃၁၇) ဦး၊ ကူမဲအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၁၀) ဦးနှင့် ကျောင်းသူ (၂၄၈) ဦး၊ စုစုပေါင်း (၄၅၈) ဦး၊ ရွာခိုင်ကြီးအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၄) ဦးနှင့် ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်း (၆၄)ဦး၊ ရှိပြီး စာစစ်ဌာန (၃) ခုရှိဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၈၃၉) ဦးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အတွင်းစည်း၊ အပြင်စည်းကြီးကြပ်ရေးမှူးဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်လုံခြုံရေးတာဝန်များအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)