တောင်ကြီးမြို့၌ ဟိုပုံးမြို့နယ်၊ သီရိမင်္ဂလာ‌ရွှေချမ်းသာမွေတော် ဘုရားကြီး ပြန်လည်ပြုပြင် မွမ်းရန်အတွက် အလှူတော်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၁၆

ရှမ်းပြည်နယ် (‌တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဇွန်လ (၁၃) ရက်နေ့ နံနက် ၇ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာဝန်း၌  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ ရှမ်းပြည်နယ်အမျိုး သမီးရေးရာအဖွဲ့၊ နာယက ဒေါ်ညိုမီစော၊ ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးကောလိပ်မှ ကျောင်းသူများမှ ထင်းရှူးပင် (၂၀၀) တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သီရိမင်္ဂလာ‌ရွှေချမ်းသာမွေတော်ဘုရားကြီးသို့ ရောက်ရှိ၍ ဘုရားအားဖူးမြော်ကြည်ညိုခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမြတ်၊ အဖွဲ့ဝင်များနှင့်အတူ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအား ပန်း၊ ရေချမ်းနှင့် ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့က သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းရန်အတွက် အလှူတော်ငွေများပေးအပ်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်းရှိ နဂါးရုံ စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီးမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာ‌ရေးကျောင်းဆရာတော်အား ရှိခိုးကန်တော့၍ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အား လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လွယ်အွန့်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျေးလက်‌ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အမျိုးသမီးစေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး အမျိုးသမီး စေတနာ့ဝန်ထမ်း ဆယ်အိမ်စုမှူးများမှ ကြိုဆိုမိတ်ဆက်ကြသည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမှ စီမံချက်ဝင်လွယ်အွန့်ကျေးရွာတွင် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အကောက်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ကျေးလက်‌ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေး စီမံချက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အမျိုးသမီးစေတနာ့ဝန်ထမ်း ဆယ်အိမ်စုမှူးများအတွက် တီရှပ်အင်္ကျီ၊ လုံချည်၊ ဆိုလာမီးအိမ်၊ ထီး၊ သွားတိုက်ဆေးနှင့် အသင်းအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဆယ်အိမ်စုမှူးများအတွက် လွယ်အိတ်နှင့် ကျေးရွာအတွက် အမှိုက်ပုံး၊ တံမျက်စည်း၊ အမှိုက်ဂေါ်များ ပေးအပ်ခဲ့ကြပြီးနောက် သက်ကြီးဘိုးဘွားအား ‌ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင် (ပြည်နယ်၊ပြန်ဆက်)