တောင်ကြီး ဇွန် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သား၊ သမီးများအနက် တက္ကသိုလ်အဆင့်၊ အထက်တန်းအတင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သား၊ သမီးများ ပညာရည်မြင့်မားရေးအတွက် မိဘများကဆောင်ရွက်ပေးရမည့်ဖြစ်ပြီး မိသားစုတွင် ပညာတတ်ပြီး လူ့အသိုင်းအဝိုင်းနေရာတစ်ခုတွင် ဝင်ဆံ့နိုင်အောင်လည်း ကြိုးစားပေးရမည့်ဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ကောင်းအောင်လည်း ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်တို့ကို ပညာသင်စရိတ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်အသီးသီးပေးအပ်ကြပြီး ဝန်ထမ်းများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းသားသမီးများအား ၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်စရိတ်ပေးအပ်ပွဲတွင် မူလတန်း (၁၀၉)ဦးကို တစ်ဦးလျှင် (၈)သောင်းနှုန်းဖြင့် ကျပ် (၈,၇၂၀,၀၀၀)၊ အလယ်တန်း (၂၃)ဦးကို တစ်ဦးလျှင် (၁)သိန်းနှုန်းဖြင့် ငွေကျပ် (၂,၃၀၀,၀၀၀)၊ အထက်တန်း (၁၅)ဦးကို တစ်ဦးလျှင် တစ်သိန်းနှစ်သောင်းနှုန်းဖြင့် ငွေကျပ် (၁,၈၀၀,၀၀၀)၊ တက္ကသိုလ်အဆင့် (၁၂)ဦးကို တစ်ဦးလျှင် တစ်သိန်းလေးသောင်းနှုန်းဖြင့် ငွေကျပ် (၁,၆၈၀,၀၀၀) စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅၉)ဦးအတွက် ပညာသင်စရိတ်ငွေကျပ် (၁၄,၅၀၀,၀၀၀ိ/)တစ်ရာလေးဆယ်ငါးသိန်းတိတိ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)