တာချီလိတ် ဇွန် ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပန်းခင်းစီမံချက်(၃)အဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ရှမ်းဘုန်ကြီးကျောင်းအတွင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၏ နှစ် ၃၀ ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြသခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၉၇ ကတ်ကို ပြည်သူတစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ကာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပန်းခင်းစီမံချက် (၃)ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိန်ကျော်နှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား Biometric Data များ ကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)