နမ့်စန်(တ) ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့် အမှာစကား ပြောကြား၍ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရာဇာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ ပထမအကြိမ်၊ ဇွန်လ၂၉ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ မွမ်းမံသင်တန်းများ အဖြစ်ဖွင့်လှစ်၍ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်၊ မှန်ကြည်ဆေးရည်နှင့် အိမ်အတွက်အသုံးဝင်သည့် ကုန်ပစ္စည်းများ ပြုလုပ်နည်းများကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသား(၅)ဦးအားရွေးချယ်၍လုပ်ငန်း ထူထောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ နမ့်မော်ခေါက်ဆင့်ကျေးရွာမှ သင်တန်းသူ (၁၃)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)