မြစ်သား ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေးကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့်မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့်နည်းလမ်းများဖြင့် မျိုးပွား၍ စိုက်ပျိုးနိုင်သည်။ သားတက်ကို အပင်ခြေမှ (၂) ပေခန့်ချန်၍ (၃၊ ၄)ရက်ခန့် အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် စိုက်ပျိုးမည့်ကျင်း အတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေးတို့ကိုမြေသားနှင့်ရောနှော၍ စိုက်ပျိုးရကြောင်း သိရသည်။ ငှက်ပျောစိုက်ပျိုးပြီးချိန်ပေါင်း မြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏ အမြစ်ထိခိုက်မှုမရှိစေရန် အထူးဂရုပြုရှင်းလင်းဆောင်ရွက်ပေးခြင်း၊ မိုးရာသီကာလ ရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင်စည်ခြေကို မြေဖို့ခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း စသည်တို့ဖြင့် ငှက်ပျောပင်များအား စိုက်ပျိုးထားသင့်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရခြင်းကြောင့် တောင်သူအများစုက အားထားစိုက်ပျိုးကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)