မရမ်းကုန်းမြို့နယ်ရှိ​ ကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

မရမ်းကုန်း ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု့လာစေရန် စာပေဖတ်ရှု့ခြင်းအလေ့အထတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနောင်ချစ်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာများနည်းတူ ပြင်ပဗဟုသုတစာပေများ လေ့လာဖတ်ရှု့သင့်ကြောင်း၊ စာပေများများ ဖတ်ရှု့ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မြင့်မားလာစေမှာဖြစ်ပါကြောင်း၊ စာပေဖတ်ရှုမှသာ မိမိဘဝတိုးတက်အောင်မြင်မှာဖြစ်ပါကြောင်း အသိပညာပေးဟောပြောခြင်း၊ ​ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် စာအုပ်စာစောင်များပြပွဲနှင့်ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)