ပျော်ဘွယ်မြို့နယ်တွင် နွေစပါးစိုက်ဧက (၂၄၀၅) ဧက လျာထားပြီး လျာထားချက် ထက်ကျော်လွန် အောင်စိုက်ပျိုးနိုင်ခဲ့

ပျော်ဘွယ် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး စိုက်ပျိုးရန် (၂၄၀၅) ဧကလျာထားခဲ့ပြီး လျာထားချက်ထက်ကျော်လွန်ကာ စုစုပေါင်းစိုက်ဧက (၂၉၁၆) စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သတ်မှတ်လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးအသိပညာများ ဖြန့်ဝေပေးခြင်း၊ နိုင်ငံတော်မှပေးအပ်သည့် သွင်းအားစုများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဝေပေးခြင်း၊ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် လျက်ရှိသလို  နွေစပါးစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မနောသုခ၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ စပါးမျိုးများကို အဓိကစိုက်ပျိုးကြပြီး ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးနည်းကို အသုံးပြု စိုက်ပျိုးလျက်ရှိသည်။

“မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ထုတ်နိုင်ဖို့အတွက်လည်း မနောသုခမျိုးစပါးစိုက်ဧက(၁၅၀)၊ အောင်နိုင်တိုး မျိုးစပါးစိုက်ဧက (၅၀) ကိုလည်း သဖန်းချောင်းဆည်မှ နွေသီးနှံအတွက် ဖြန့်ဝေပေးတဲ့ စိုက်ပျိုးရေနဲ့ စိုက်ပျိုးခဲ့ပါတယ်၊ လိုအပ်တဲ့နည်းစနစ်တွေကိုလည်း သက်ဆိုင်ရာတောင်သူများထံ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးညိမ်းဇော်က ပြောပြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)