နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းများပြန်လည်ပြုပြင်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်းနှင့် တပ်ကုန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်း (MRTV) ကျောင်းများသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသားအင်အားပြည့်မီအောင် စည်းရုံးဆောင်ရွက်ရေး၊ ကျောင်းများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရေး၊ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အန္တရာယ်ရှိ အမှိုက်၊ အမှိုက်အစို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်၊ အမှိုက်ပုံးများအား သတ်မှတ်အ‌‌ရောင်များဖြင့် ထားရှိနိုင်ရေး၊ မြို့/ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တစ်ဦးချင်း၊ တစ်အိမ်ချင်းကိုယ်တိုင်သန့်ရှင်းရေးပြုလုပ်သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ယာယီစာသင်ဆောင်ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ သွားရောက်ပြီး မွေးဘဏ်စနစ်ဖြင့် ဒေသဆိတ် (ထိန်စမ်းမျိုး) အထီး ၂ ကောင်၊ အမ ၂၀ကောင်အား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်သို့သွားရောက်၍ ဦးသန်း‌ဌေး၏ ဒေသဆိတ်အကောင် ၃၀၀ ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများ၊  ဦးတွမ်ခင်ဝင်း (ဖန်ဟွ နို့စားနွား မွေးမြူရေးခြံ) ၏ နိုးစားနွား ၁၂၀ ကောင် မွေးမြူထားရှိမှုနှင့် နေဗီယာမြက်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် အသားတိုးနွား၊ နို့စားနွား၊ ဆိတ်နှင့် ဥစားကြက်များ ပိုမိုတိုးချဲ့ မွေးမြူနိုင်ရေး၊ မွေးမြူရေးခြံအလိုက် တိရိစ္ဆာန်အစာ နေဗီယာမြက်နှင့် နှံစားပြောင်းများ ကိုယ်တိုင်စိုက်ပျိုးကျွေးမွေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူနိုင်ရေး၊ ကောင်းမွန်သော မွေးမြူ‌‌ရေးကျင့်စဥ်နှင့်အညီ စနစ်တကျမွေးမြူနိုင်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ အိမ်ရာ(၂) မိုးမခလမ်းနှင့် ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့်မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ပြုပြင်ရေး၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)