ဒဂုံတောင် ဇွန် ၁၅
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲလာမှုအပေါ် လိုက်လျောညီထွေဖြစ်စေရေး၊ ကမ္ဘာကြီးပူနွေးလာမှုအား လျော့နည်းသက်သာစေရေးတို့အား ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလလူထုလှုပ်ရှားမှုအသွင်ဖြင့် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၂) လမ်းမကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကျောင်းဝင်းအတွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရန်ကုန်စီးပွာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးနှင့် ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိကြီးများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၄၅၀) ဦးတို့ဖြင့် စိုက်ပျိုးမည့်မြေနေရာများတွင် ကျွန်း (၄၀၀) ပင်၊ ခရေ (၄၀၀) ပင်၊ ငုရွှေဝါ (၄၀၀) ပင်၊ စိန်ပန်း(၄၀၀)ပင်၊ တရုတ်တယ်(၄၀၀)ပင်၊ မဟော်ဂနီ (၄၄၀) ပင်၊ မန်ဂျန်ရှား (၅၅၀)ပင်၊ မအူ(၄၀၀)ပင်၊ မယ်ဇလီ (၄၀၀) ပင်၊ ပျဉ်းမ (၄၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၄၅၉၀) ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြပြီး ရန်ကုန်စီးပွာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်တင်ထွေးနှင့် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ သစ်ပင်စိုက်ပျိုးမှုများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင်